မချမ်းဘော အောက်တိုဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးခြင်း၊ အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နီနီအေးက တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေး အကြောင်းအရာများကို ဟောပြောပြီးနောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွေးနန္ဒာအောင်က လက်ကို မှန်ကန်စွာသန့်စင်ဆေးကြောနည်းကို ကျောင်းသူကျောင်းသားများအား လက်တွေ့သရုပ်ပြပြုလုပ်ခဲ့ကာကျောင်းသူကျောင်းသားများကို ပေါင်ချိန်တိုင်းတာခြင်း၊ လက်မောင်းတိုင်းခြင်းများကိုပါဆောင်ရွက်ခဲ့သည်။
ထို့နောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အမှိုက်ကော်၊ တံမြက်စည်းစသည့် စာသင်ခန်းသုံးပစ္စည်းများကိုလည်းကောင်း ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများကိုလည်းကောင်း၊ အာဟာရမုန့်များကိုလည်းကောင်း ထောက်ပံ့လှူဒါန်းခဲ့သည်။
ဆက်လက်၍မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက မချမ်းဘောမြို့ အမှတ် (၄) ရပ်ကွက်ရှိ ရတနာမူကြို ကျောင်းရှိ ကျောင်းသူကျောင်းသားများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံချဆေးဆိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ အာဟာရကျွေးမွေးခြင်း နှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းများကိုပါ တစ်ပါတည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)