ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့သို့ တက်ရောက်၊ အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းတွင် ကူညီပေးသူများအား ဂုဏ်ပြု

မြစ်ကြီးနား အောက်တိုဘာ ၂၄

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၊ ဒေသခံများအား ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေများကို သိရှိနားလည်ပြီး ဥပဒေများနှင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရန် ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့ကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဖိုရမ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည် နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ စာရေးဆရာ အကြီးကိုကို(ကသာ)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဖိုရမ် ဒုတိယနေ့ကို ဆက်လက်ကျင်းပရာ လော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်းသရုပ်ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ဖိုရမ်ကို တက်ရောက်လာသူများအနေဖြင့် နားထောင်ရုံသက်သက်မဟုတ်ဘဲ အားလုံးက သိလိုသည်များနှင့် မိမိတို့၏ သဘောထားအမြင်များဖလှယ်ပေးကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ အမျိုးသားရေးလိုအပ်ချက်များကို ဥပဒေနှင့်အညီ ဖော်ဆောင်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်နယ်၏ အကျိုးစီးပွား၊ တိုင်းပြည်၏ အကျိုးစီးပွားဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏ စည်းလုံးညီညွတ်သောအားဖြင့် အစိုးရနှင့် ပြည်သူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ပါကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများအားလုံးအတွက် နိုင်ငံသားအခွင့်အရေးများ၊ တိုင်းရင်းသားအခွင့်အရေး ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြသည်။

ယင်းနောက် ဖိုရမ်ဒုတိယနေ့အတွက် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်း ပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပထဝီနိုင်ငံရေးနှင့် သမိုင်းကြောင်း ခေါင်းစဉ်ဖြင့် မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့ အခြေအနေ နှင့် ပြည်ထောင်စုစိတ်ဓာတ်စသည့် အကြောင်းအရာများကို လည်းကောင်း ဟောပြောဆွေးနွေးခဲ့ ကြပြီး မွန်းလွဲပိုင်းတွင် စာရေးဆရာအကြီးကိုကို (ကသာ)က ငါ့တို့ ချစ်တဲ့ ငါတို့နိုင်ငံတော်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောပို့ချမှုကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ မြစ်ကြီးနားတက္က သိုလ်ကျောင်းသား/ ကျောင်းသူများ၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုသားဖွားသင်တန်းကျောင်းများမှ သင်တန်းသား/ သင်တန်းသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သိရှိလိုသည်များနှင့် ၎င်းတို့၏ အမြင်သဘောထားများအပေါ် မေးမြန်းဆွေးနွေးခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ဖိုရမ်အတွက် ဆွေးနွေးဟောပြောပေးကြသည့် ဒုတိယဝန်ကြီးနှင့် ပညာရှင်များ၊ တက်ရောက်အားပေးခဲ့ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် ယနေ့ဖိုရမ်မှသည် တိုင်းရင်းသားအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသားအခွင့်အရေး အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံသားတစ်ယောက်၏ တာဝန်များကို သိရှိနားလည်ပြီး မိမိတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် အားလုံးက အတူတကွဝိုင်းဝန်းကြိုးစားကြရေး တိုက်တွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖိုရမ်ဆွေးနွေးဟောပြောပေးကြသည့် ဒုတိယဝန်ကြီးနှင့် ပညာရှင်ပုဂ္ဂိုလ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

          ထို့အပြင် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ရှိ သီရိရာမဂျာနကီဟိန္ဒူဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်ပွဲတော် တစ်ခုဖြစ်သည့် ဒီပါဝလီမီးထွန်းပွဲတော်သို့ တက်ရောက်ခဲ့ကြရာ ဟိန္ဒူဘာသာ ဝင်များက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် ဘုရားကျောင်းဂေါပကအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးဆန်ဂျေူကူးမားက ၎င်းတို့၏ အထွဋ်အမြတ်ပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့်ပေးသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့အား ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာပါကြောင်းနှင့် ဒီပါဝလီနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ယခုလို ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ဒီပါဝလီနေ့ကို တက်ရောက်ခွင့်၊ ပါဝင်ဆင်နွှဲခွင့်ရရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဘာသာတရားအမျိုးမျိုး ကွဲပြားသော်လည်း ဘာသာတရားတိုင်းသည် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် လောကပါလတရားထွန်းကားရေးကို အဓိကသွန်သင်ဆုံးမခြင်းများတွင် တူညီသော အနှစ်သာရရှိကြပါကြောင်း၊ ထို့ကြောင့် မိမိတို့ ယုံကြည်ကိုးကွယ်သော ဘာသာတရား၏ သွန်သင်ဆုံးမမှုကို လေးစားလိုက်နာကျင့်ကြံရန် အဓိကဖြစ်ပါကြောင်း၊ အလားတူ သက်ဆိုင်ရာဘာသာအသီးသီးအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်တကွ ကချင်ပြည်နယ် ငြိမ်းချမ်းရေး၊ မှီတင်းနေထိုင်ကြသူအားလုံး ပျော်ရွှင်အေးချမ်းစွာ ပြီးပြည့်စုံသည့် လူမှုဘဝရရှိရေးကိုလည်း စိတ်အားထက်သန်စွာ ကူညီဆုတောင်းပေးကြရန် အလေးအနက်ထားမေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘုရားကျောင်းအတွင်း အထင်ကရ အဓိကနေရာကြီးများ၌ ဆီမီးထွန်းညှိပူဇော်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘုရားကျောင်း အတွက် အမှတ်တရ ပန်းခြင်းလက်ဆောင်နှင့် အလှူငွေကျပ်သိန်း ၃၀ ကို ပေးအပ်လှူဒါန်းခဲ့ကြကာ ဘုရားကျောင်းတာဝန်ရှိသူများ၊ ဟိန္ဒူယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဟိန္ဒူရိုးရာအကအလှ များကြည့်ရှုအားပေးကာ ဟိန္ဒူလူမျိုးတို့၏ ဂုဏ်ပြုညနေစာကို ရင်းနှီးနွေးထွေးစွာ သုံးဆောင်ခဲ့ကြ သည်။

ထို့အပြင် ညပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ သဲဖြူဆရာတော်အား အမှူးထား၍ ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးစီစဉ်မှု၊ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဒေသခံပြည်သူများအား စက္ကူဒါနအဖြစ် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းကို စေတနာအပြည့်ဖြင့် စမ်းသပ်ကုသဆောင်ရွက်ပေးခဲ့ကြသော မျက်စိအထူးကုဆရာဝန်ကြီးများ၊ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များအား ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

အဆိုပါဂုဏ်ပြုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့ ပြည်နယ်အတွင်း ဒေသခံပြည်သူများ၏ စက္ခုနှစ်ကွင်းအလင်းရအောင် စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးကြသူများအားလုံးကို ပြည်နယ်အစိုးရအဖွဲ့က မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ဂုဏ်ပြုပြောကြားကာ မျက်စိအထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပူးပေါင်းပါဝင်ကူ ညီပေးကြအဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများဖြင့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်