လာမည့်ရွေးကောက်ပွဲတွင် မဲပေးမှုမဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

အမရပူရ အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများမဲပေးနိုင်မှု မဆုံးရှုံးစေရေးအတွက် အမရပူရမြို့နယ်လဝကမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က အမရပူရမြို့နယ် မကျီးကိုင်းကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုနှင့်ပတ်သတ်၍ မြို့နယ်လဝကဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ ၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမေးပိုင်ခွင့်ရှိသူများအား မဲပေးခွင့်မဆုံရှုံးစေရန်အတွက် အမရပူရမြို့နယ် လဝက ဝန်ထမ်းများမှ One Stop Service ဖြင့် ပျောက်ပျက်/ ဟောင်းနွမ်းမိတ္တူနှင့် ခရီးလွန်ပြန်လည်ရောက်ရှိလာသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရသည်။ ယခုကွင်း​ဆင်းမှုတွင် ကျား (၅၄) ဦး မ (၇၈) ဦး စုစုပေါင်း ၁၃၂ ဦးကို ​ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

စိုးသီဟ