တွံတေး အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် (၁ဝ) နာရီအချိန်က အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာရှိ အ.ထ.က(အလယ်ချောင်း)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အ.ထ.က (အလယ်ချောင်း) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာကျောင်း”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ရီက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးသန်းနိုင်က စားသုံးသူရေးရာအကြောင်း ဟောပြောကာ စာရေးစာဆရာ ဝင်းထွဋ်ဦးက စာဖတ်ရခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက Physical Fiteness Dance အကဖြင့် သရုပ်ပြဖျော်ဖြေကြသည်။ ထို့နောက် ဆက်လက်၍ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးခဲ့ပြီး Grade-10 မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။
ယင်းနောက် ရာအိမ်မှူး ဦးမင်းမင်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်းသိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသော မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ် စာစောင်များ ပြသထားရာ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်