ဒလမြို့နယ် မြတ်မြင့်မိုရ်‌ကောင်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ဒလ အောက်တိုဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍   မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က  မြတ်မြင့်မိုရ်‌ကောင်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူက အသိပညာပေးပြောကြားရာတွင် မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မီးလောင်နေစဉ်အတွင်း ရှောင်ရှားသင့်သည့်အချက်များ၊ လိုက်နာရန်အချက်များ၊ မီးငြိမ်းသတ်ရန်နည်းလမ်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက်  မိုးလေ၀သသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာ ဆောင်ရွက်သင့်ကြောင်း‌ စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက်  မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦးနှင့် အရန်တပ်ဖွဲ့ဝင် (၂)ဦးတို့က  ကျောင်းသား၊ ကျောင်သူများအား မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်ခြင်းများကို  လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား(၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)