လားရှိုး အောက်တိုဘာ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့၌ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲ တော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ တွဲဖက်ပြည်နယ်မှူး ဦးဇော်ဌေးအောင်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးပွဲတော် ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်နှင့် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီအသီးသီးဖွဲ့စည်းတာဝန်ပေးနိုင်ရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပမည့်အစီအမံများနှင့် ထည့်သွင်း ကျင်းပမည့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ လူငယ်စကားဝိုင်း၊ စာအုပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် ပြခန်းများ၊ ဆုချီးမြှင့်ပေးအပ်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ လားရှိုးမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်က အခြေခံပညာဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် ကဏ္ဍများအား ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက လိုအပ်သည်များအားမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)