မြစ်ကြီးနား အောက်တိုဘာ ၂၂
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ကျင်းပသော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)ကို ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဖိုရမ်ကိုလော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်း သရုပ်ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဖိုရမ်ကို ကျင်းပပေးခြင်းဖြင့် နိုင်ငံတော်၏ အသက်ဖြစ်သည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုမိုသိရှိလေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ စကား၊ စာပေနှင့် ဒေသဖွံ့ဖြိုးရေးများကို ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါ အခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ ရပိုင်ခွင့်များကို ပြည့်ဝစွာနားလည် ပြီး အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့် အစိုးရ အပြန်အလှန်နားလည်ယုံကြည်မှုကို ပိုမိုခိုင်မြဲစေမည်ဖြစ်ပါ ကြောင်း၊ ဒါအပြင် အပြန်အလှန်မေးမြန်းဆွေးနွေးခွင့်ရရှိမည်ဖြစ်သည့်အတွက် တိုင်းရင်းသားလူမျိုးစု များ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မြင့်မားလာစေ မည်ဖြစ်သည့်အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အဓိက အခြေခံလိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများအားလုံးအတွက် နိုင်ငံသားအခွင့်အရေးများ၊ တိုင်းရင်းသားအခွင့်အရေး ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြသည်။
ယင်းနောက် ဖိုရမ်ကို စတင်ကျင်းပရာ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားလူ မျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပထဝီနိုင်ငံရေးနှင့် သမိုင်းကြောင်းခေါင်းစဉ်ဖြင့် မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့အခြေအနေနှင့် ပြည်ထောင်စု စိတ်ဓာတ် စသည့် အကြောင်းအရာများကို လည်းကောင်း၊ စာရေးဆရာအကြီးကိုကို (ကသာ)က ငါ့တို့ နိုင်ငံ၊ ငါတို့လူငယ်၊ ငါတို့အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့သည်။
အဆိုပါ ဖိုရမ်သို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချူပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ ရပ်ဖများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့အစည်း အသီးသီးမှ ခေါင်း ဆောင်များနှင့် လူငယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ စာရေးဆရာအကြီးကိုကို(ကသာ)တို့က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးဟောပြောခြင်း မေးဖြန်းဖြေကြားခြင်းများကို(၂)ရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက် (၈)နာရီခွဲကလည်း မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစား ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောာင်းများအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများမှ တာဝန်ခံများ၊ ဆရာ/ ဆရာမများသည် စေတနာ၊ ဝါသနာ၊အနစ်နာ၊ ကရုဏာ၊ အကြင်နာ စသည့် နာ(၅)နာဖြင့် ဆောင်ရွက်နေကြသည့်အတွက် ဂုဏ်ပြု အပ်ပါကြောင်း၊ ထို့အပြင် ပရဟိတဂေဟာများမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ကောင်းမွန်သော စိတ်ဓာတ်များကို ဆက် လက်ထိန်းသိမ်းသွားပြီး ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ပြည်နယ် အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားသည် ပရဟိတဂေဟာ (၁၅) ကျောင်း၊ ဘိုးဘွားရိပ်သာ (၃)ခုတို့အတွက် ဆန်ဘိုး၊ စားစရိတ်၊ ဝတ်စုံစရိတ်နှင့် ဂေဟာမှူးလစာ အဖြစ် ထောက်ပံ့ကြေးငွေအဖြစ် စုစုပေါင်း ငွေကျပ် (၁၁၅၂၁၈၀၀၀)ကို လည်းကောင်း၊ ကိုယ်အား ကိုယ်ကိုးမူလတန်း ကြိုကျောင်း(၅၇)ကျောင်းမှ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေ တစ်နှစ်စာ နှင့် သင်ထောက်ကူ ပစ္စည်းများအတွက် စုစုပေါင်းထောက်ပံ့ကြေးငွေအဖြစ် ကျပ်(၁၇၅၆၃၈၀၀၀)ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့အတူ အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာအထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်နှင့် ပြည်နယ်ကော်မတီ၏ အတည်ပြုမိန့်ရယူကာ ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်းပေါင်း (၂၁)ခု၊ စုစုပေါင်းရင်းနှီးမြှုပ်နှံ မှုပမာဏ (၄၂၂၀၁ ဒဿမ ၆၆၉)ကျပ်သန်းဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း (၁၆)ခု၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၁၂၉၄၄ ဒဿမ ၉၈၅)သန်း ရှိပြီဖြစ်ပါကြောင်း၊ ယနေ့ ပြည်နယ်၏ စီးပွားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီအနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရမည့် အစီအမံများအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ပြည်နယ်အတွင်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းသုံးသပ်အကြုံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှီ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်းသို့ သွား ရောက်ပြီး အသင်းတော်တာ ဝန်ရှိသူများ၊ ဓမ္မအမှုတော်ဆောင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ သိက္ခာတော်ရဆရာတော်များ အပါအဝင် ဓမ္မအမှုဆောင်များ၏ မိသားစုများအတွက် ဆန် (၂၄) ပြည်ပါအိတ် (၂၆၅)အိတ်၊ ဆီ (၂၆၅) ပိဿာနှင့် ကြက်ဥ ၇၉၅၀ လုံးတို့ကို လှူဒါန်းထောက်ပံ့ပေးအပ်ရာ အသင်းတော်ကိုယ်စား သင်းအုပ်ဆရာကြီး သိက္ခာတော်ရဆရာဦးဘရန်အောင်က ကောင်းချီးတောင်း ခံဆုတောင်းဆက်ကပ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများ၊ မိဘမဲ့ဂေဟာများနှင့် သင်တန်းကျောင်းများအတွက် နေထိုင်စားသောက်မှု တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို တတ်နိုင်သလောက် ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ မိမိတို့ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် လိုအပ်သကဲ့သို့ ဘာသာရေးအသင်းအဖွဲ့အသီးသီးကလည်း မိမိတို့ ပြည်နယ်တည်ငြိမ်အေးချမ်းကို ဆုတောင်းပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းစုတောင်ရပ်ကွက်အတွင်းရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ရုံးသို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လှူဒါန်းထောက်ပံ့မှုများ ဆောင် ရွက်ပေးနေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည် ငြိမ်းချမ်းရေးရရှိအောင် ဆုတောင်းကူပေးခြင်းဖြင့် မိမိတို့လိုလားသည့် ငြိမ်းချမ်းမှုကို ရရှိနိုင်မည်ဖြစ် ပါကြောင်း ပြောကြားပြီး အဖွဲ့ချုပ်ရှိ သင်းအုပ်ဆရာများ၊ ဓမ္မအမှုတော်ဆောင်များအတွက် ဆန်အိတ် (၇၀)၊ ဆီပိဿာ (၇၀)နှင့် ကြက်ဥ (၂၁၀၀)လုံးတို့ကို လှူဒါန်းထောက်ပံ့ပေးအပ်ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သိက္ခာတော်ရဆရာဦးဂွန်းတန်က ကျေးဇူးတင်စကားပြောကြားပြီး သာသနာတာဝန်ခံ သိက္ခာတော်ရ ဆရာဦးဂမ်မော်က ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)