စစ်တွေ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၌ တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်ခဲ့သည့် ရေသယ်မော်တော်ယာဉ်နှင့် ကရိန်းကားမော်တော်ယာဉ်များ စမ်းသပ်မောင်းနှင်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တန်ဆောင်တိုင်ပွဲတော်တွင် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးနှင့် ဝင်္ကဘာကွင်းတို့တွင် ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ပျော်ပွဲရွှင်ပွဲများနှင့်အတူ စတုဒီသာကျွေးမွေးဧည့်ခံပွဲ၊ ဆီမီးပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံစုရပ်ကွက် ကန်တော်ကြီးအနီးတွင် စစ်တွေမြို့ အထူးသန့်ရှင်းရေးအဖွဲ့များက သန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကြရာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ အနောက်စံပြရပ်ကွက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဂိုဒေါင်နှစ်လုံးတွင် ဆန်နှင့်အခြားထောက်ပံ့ပစ္စည်းများ သိုလှောင်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ဂိုဒေါင်အတွင်း ဆန်နှင့်ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှု၊ ပစ္စည်းများရောက်ရှိသိုလှောင်နိုင်မှုအခြေအနေတို့ကို လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဂိုဒေါင်အတွင်းသိုလှောင်ထားသော ဆန်ရိက္ခာအပါအဝင်အခြားသောပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျဆောင်ရွက်ကြရန်နှင့် ဂိုဒေါင်လုံခြုံရေး၊ မီးဘေးလုံခြုံရေး အထူးဂရုပြုဆေင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အောက်တိုဘာလ ၂၁ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အမ်ဗွီအောင် ရတနာသီရိ(၁)သင်္ဘော၊ အမ်ဗွီရဲထွန်းအောင်(၃)သင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီအောင်ရတနာသီရိ(၁)သင်္ဘောတွင် ဆန်နှင့်အခြေခံစားသုံးကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံးဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီရဲထွန်းအောင်(၃)သင်္ဘောပေါ်မှ ဆန်နှင့် အခြေခံစားသောက်ကုန်များကို ကုန်တင်ကုန်ချပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော အမ်ဗွီအောင်ရတနာသီရိ(၁)သင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ တန်ချိန် ၅၁၀ ဒသမ ၆ တန်တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရဲထွန်းအောင်(၃)သင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ တန်ချိန် ၁၁၁၈ ဒသမ ၂ တန်တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)