ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၌  အောင်ချမ်းသာအစိုးရဝန်ထမ်း‌ပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

လွိုင်လင် အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌  အောင်ချမ်းသာ အစိုးရဝန်ထမ်း‌ပေါင်းစုံသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး အောင်ချမ်းသာသမဝါယမအသင်းလီမိတက် အမှုဆောင်ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌနှင့် လွိုင်လင်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိတို့က ငွေစုငွေချေးနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်နှင့် ဘဏ္ဍာရေးရှင်းတမ်းများ နှင့်နှစ်ချုပ် အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားပြီးနောက် အတည်ပြုခြင်းများဆောင်ရွက်ကြသည်။

ထို့နောက်  အသင်းသားများ၏ စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေကျပ် (၂၀၀၂၆၂၀၀) ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပေးအပ်ရာ အသင်းသားကိုယ်စားလှယ်တစ်ဦးက လက်ခံရယူပြီး  ငွေစုငွေချေးအတိုးမှန်သောအသင်းသားများနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသည့် ကျောင်းသား/သူများကို တာဝန်ရှိသူများက  ဆုများအသီးသီး ချီးမြှင်ပေးကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်များ ၊ ဌာနဆိုင်ရာများ ၊အမှုဆောင်ဒါရိုက်တာအဖွဲ့များ ၊ အသင်းသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး(ပြန်/ဆက်)