မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် လယ်ယာကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီးမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မိုးညှင်း  အောက်တိုဘာ ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် ယခုဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဆယ်မိုင်ကျေးရွာအတွင်းရှိ လယ်ယာကုန်ထုတ်လမ်းအား ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆယ်မိုင်ကျေးရွာတွင် ယခုဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တင်ဒါအောင်သည့် ထူးထက်အောင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သော မြေသား၊ သဲကျောက်ခင်းခြင်း လုပ်ငန်းဖြစ်သည့် လယ်ယာကုန်ထုတ်လမ်းအား ကွင်းဆင်းစစ်ဆေးကြရာတာဝန်ခံအင်ဂျင်နီယာက အဆိုပါ လုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်ပြီးစီးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ခရိုင်ဦးစီးမှူးက လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆယ်မိုင်ကျေးရွာ လယ်ယာကုန်ထုတ်လမ်းဖြစ်သည့် မြေသား၊ သဲကျောက်ခင်းခြင်းကို လမ်းအရှည် တစ်မိုင်၊ အကျယ် (၁၈)ပေ၊ အမြင့် နှစ်ပေ ကိုးလက်မရှိ လုပ်ငန်းနှင့် ရေပြွန် ခုနှစ်စင်း၊ Box Culvert လေးစင်းပါရှိသည့် လုပ်ငန်းများကို ဇွန်လ ဒုတိယပတ်တွင် လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သဖြင့် ၎င်းကျေးရွာ၏ လယ်ဧက (၄၀၅)ဧကနှင့် လူဦးရေစုစုပေါင်း (၂၄၈၉)ဦးအတွက် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း