မိတ္ထီလာ အောက်တိုဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာကွန်ပျူတာတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ခရိုင်ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးနန္ဒကျော်သူက မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြု သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ခရိုင်ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး၊ မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနန္ဒကျော်သူနှင့် တာဝန်ရှိသူများက မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြု သင်တန်းဖွင့်လှစ်သင်ကြားမည့် သင်တန်းခန်းမများအား လိုက်လံကြည့်ရှု့ခဲ့ပြီး သင်တန်းသား သင်တန်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါမဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်းကို မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့် ညောင်ဉီးခရိုင်တို့မှ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များက ဆရာဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း ၉၇ ဦး တက်ရောက်ခဲ့ပြီး ၎င်းသင်တန်းကို အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)