ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့၊ နာဂပုရသာ သနာလင်္ကာရအသင်းကြီးက ကျင်းပသောပဥ္စမအကြိမ် သာမဏေကျော်စာမေးပွဲကြီးနှင့် ဒသမအကြိမ်အင်းအမျိုးသားနေ့အခမ်းအနား တက်ရောက်ချီးမြှင့်

တောင်ကြီး  အောက်တိုဘာ  ၂၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါလျက်အောက်တိုဘာ(၂၁)ရက်နံနက်(၈)နာရီခွဲကပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့၊ နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ပင်လင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နာဂပုရသာသနာလင်္ကာရအသင်းကြီးက ကျင်းပသောပဥ္စမအကြိမ် နာဂပုရသာသနလင်္ကာရ သာမဏေကျော် စာမေးပွဲကြီးအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်​၊အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အလှူငွေများ ဆက်ကပ် လှူဒါန်းပေးကြရာ ဂေါပကတာဝန်ရှိသူများမှ လက်ခံရယူကြသည်။

အဆိုပါ နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲကြီးတွင် တိုင်းဒေသကြီး၊ပြည်နယ်များမှ ရဟန်း၊ သာမဏေ၊ သီလရှင်များလာရောက် ဖြေဆိုလျက်ရှိရာ တတိယအဆင့်တွင်(၂၅၄)ပါး၊ ဒုတိယ အဆင့်တွင် (၈၁၂)ပါး၊ ပထမအဆင့်တွင်(၁၇၉၈)ပါး၊ ဥပစာတန်းတွင် (၁၂၀)ပါး၊ မူလတန်းတွင် (၃၃၄)ပါး စုစုပေါင်း(၃၃၀၀)ပါ ရှိကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများသည်ညောင်ရွှေမြို့နယ်ခန်းမ၌ကျင်းပသည့် ဒသမအကြိမ် အင်းသားအမျိုးသားနေ့ အခမ်းအနား တက်ရောက်ကြသည်။

ဦးစွာ ဒသမအကြိမ် အင်းအမျိုးသားနေ့ အခမ်းအနားကို လှမ်းလာခဲ့ပါအင်းလေးကန်သာ သီချင်း သီဆို၍အင်းသားတိုင်းရင်းသားရိုးရာအကဖြင့်ဖွင့်လှစ်ကြသည်။

ထို့နောက် သဘာပတိအဖွဲ့များက နေရာယူကြပြီးသဘာပတိ ဦးစံရွှေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အင်းသား လူမျိုး လို့ပြောသည်နှင့် ကမ္ဘာကျော်အင်းလေးကန်ကြီးကို တွေးမြင်မိကြမှာဖြစ်ပါကြောင်း၊ ရိုးသား ကြိုးစား ပြီး ဘာသာတရားကိုင်းရှိုင်းကြသည့် အင်းသားလူမျိုးများသည်အလျား ၁၇ ဒသမ ၇ ကီလိုမီတာ၊အနံ ၆ ဒသမ ၄၃ ကီလိမီတာရှိသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးရေကန်ဖြစ်သည့် အင်းလေးကန်ကြီးအတွင်းနှင့် ကန်အနီးတစ်ဝိုက်တွင် ရှေးပဝေသဏီကတည်းကနေထိုင်လာကြသည် ကိုတွေ့ရမှာဖြစ်ကြောင်း၊ အင်းလေးကန်ကြီးသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေချိုကန်ကြီးဖြစ်ပြီး မြန်မာ နိုင်ငံသားများနှင့် ကမ္ဘာလှည့်ခရီးသွားများလာရောက် လေ့လာလည်ပတ်ရာ နေရာဒေသတစ်ခု လည်းဖြစ်ပါကြောင်း၊ထူးခြားသည့် ဂုဏ်ဒြပ်များနှင့်ပြည့်စုံနေသည့် လူမျိုးတစ်မျိုးအဖြစ် ရပ်တည်ခွင့် ရနေကြသည်ကို အင်းသားလူမျိုးများအနေဖြင့် ဂုဏ်ယူနေကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ အင်းလေးကန်ကြီး ရေရှည်တည်တံ့နိုင်ရန်အတွက် အင်းသူ၊အင်းသားများက ကြိုးပမ်းအားထုတ် နေသကဲ့သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် ဆက်လက်ကူညီ အားဖြည့်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ အင်းသားတိုင်းရင်းသား များအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စည်းလုံးညီညွတ်စွာဖြင့် အင်တိုက် အားတိုက် လက်တွဲပါဝင်ဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ယင်းနောက်ဒသမအကြိမ် အင်းသားအမျိုးသားနေ့အထိမ်းအမှတ် လူထုဆွေးနွေးပွဲမှ တွေ့ရှိချက်များကို အင်းသားလူငယ်တစ်ဦးက အဆိုတင်သွင်းရာ အင်းသားလူငယ်တစ်ဦးမှ ထောက်ခံပြီး ဒသမအကြိမ် အင်းသားအမျိုးသားနေ့အထိမ်းအမှတ်လူထုဆွေးနွေးပွဲမှတွေ့ရှိချက်များကို သဘာပတိ ဦးစံရွှေက အတည်ပြုကြောင်း ကြေငြာသည်။ ထို့နောက် ဒသမအကြိမ်အင်းသားအမျိုးသားနေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးတိုးရက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနား တက်ရောက် လာကြသည့် အင်းတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဒသမအကြိမ် အင်းသား အမျိုးသားနေ့ အထိမ်းအမှတ် ညောင်ရွှေမြို့၊ဖူဆယ်ကွင်း၌ ညောင်ရွှေမြို့နယ်၊ ကျောင်းပေါင်းစုံ ကျောင်းသား လူငယ် ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ကျင်းပယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေး ကြကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ၊ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ရွှေညောင်မြို့၊ ကုန်းလှိုင် သာသနောဒယ စာသင်တိုက်ဇေယျသိရီဓမ္မာရုံ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရွှေညောင်မြို့၊ ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရွှေညောင်မြို့ရှိ ဒေသအတွက် လိုအပ်ချက်ရှိသည့် ရေရရှိရေး၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ရွှေညောင်မြို့ နှင့်စပ်လျဉ်း၍ ရပ်မိရပ်ဖ နှင့် ပြည်သူများက လိုအပ်ချက်များ တင်ပြပေးကြရန်၊ တင်ပြချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ရွှေညောင်မြို့ရှိ ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူ များက ဒေသလိုအပ်ချက်များ တင်ပြကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းများနှင့်စပ်လျဥ်း၍ ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဝန်ကြီးများက တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါ​ကြောင်း၊ ဆိုလာမီးစနစ်များကိုလည်း ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ရွှေညောင်မြို့၊ ကုန်းလှိုင် သာသနောဒယ စာသင်တိုက်ရှိ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ် လှူဒါန်းပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)