နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ မဲဆန္ဒရှင်စာရင်းလာရာက်ကြည့်ရှုမှုများကို အားပေး

လယ်ဝေး အောက်တိုဘာ ၂၂

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည်  လယ်ဝေးမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၂၀ ရက်နေ့မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်က လယ်ဝေးမြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းတွင် မပါသင့်သူများမပါစေရေး၊ ပါသင့်ပါထိုက် (၁၈)နှစ်ပြည့်ပြီးသူများ စာရင်းမှန်ကန်ရေး၊ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့် ပူးပေါင်း၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းတွင် မပါဝင်သေးသူများ ပါဝင်ဆန္ဒမဲပေးနိုင်ရေး၊  လိုအပ်ချက်အရ မြေပြင်အမှန်ရှိပြီး၊ ပုံစံ(၆၆)နှင့် မှတ်ပုံတင်မရှိသူများ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရရှိရေး OSS စနစ်ဖြင့် အမြန်လုပ်ဆောင်ပေးရန်၊ လိုအပ်ပါက ကျေးရွာအုပ်စုအထိ စုစည်း၍ သွားရောက်ဆောင်ရွက်ပေးရန်၊ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိ လာသည့် စစ်ဘေးရှောင်ပြည်သူများမဲပေးနိုင်ရေး စသည့် အချက် အလက်များ မှန်ကန်မှုရှိစေရေးအတွက် ဆက်လက်ပြီး မိမိတို့ရပ်ကွက်၊ ကျေးရွာ အိမ်ထောင်စုတစ်ခုချင်း ပြောင်းလဲမှု (အတိုး/အလျော့) စာရင်းများ ဆက်လက်၍ မျက်ခြေမပြတ် ကောက်ယူဖြည့်ဆည်း/ တိုးလျော့လုပ်ရန်လိုကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်း ဆောင်ရွက်သွားကြရေး ရှင်းလင်းမှာကြားသည်။

 ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုအား ကြည့်ရှုအားပေးကာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကော်မရှင် အဖွဲ့ခွဲများနှင့် တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ အခြားမိသားစုဝင်များပါ လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို အမြန်ဆုံးကူညီဖြေရှင်းပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

အလားတူ နေပြည်တော်ကောင်စီဝင်သည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းတွင် မပါဝင်သေးသူများ ပါဝင်ဆန္ဒမဲပေးနိုင်ရေး၊  လိုအပ်ချက်အရ မြေပြင်အမှန်ရှိပြီး၊ ပုံစံ(၆၆)နှင့် မှတ်ပုံတင်မရှိသူများ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်ရရှိရေး OSS စနစ်ဖြင့် အမြန်လုပ်ဆောင်ပေးနေမှုများအား ကြည့်ရှု အားပေးကာ လိုအပ်ပါက ကျေးရွာအုပ်စုအထိ စုစည်း၍ သွားရောက်ဆောင်ရွက်ပေးရန်၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများမဲပေးနိုင်ရေး စသည့်  အချက်အလက်များ မှန်ကန်မှု ရှိစေရေးအတွက် ဆက်လက်ပြီး မိမိတို့ရပ်ကွက်၊ ကျေးရွာ အိမ်ထောင်စုတစ်ခုချင်း ပြောင်းလဲမှု (အတိုး/အလျော့) စာရင်းများအားသတ်မှတ်ချက်နှင့်အညီဆောင်ရွက်ပေးရန် မှာကြားဆွေးနွေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့၊ လေဆိပ်လမ်းမကြီး (ရာဇသင်္ဂဟလမ်း) ဘေးဝဲယာတွင် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုနှင့် လမ်းတလျှောက်သန့်ရှင်းသာယာလှပရေး ဆောင်ရွက် နေမှုများအား ကြည့်ရှုစစ်ဆေးကာ ထပ်မံဆောင်ရွက်ရန်များ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)