မိတ္ထီလာ အောက်တိုဘာ ၂၂
မိတ္ထီလာခရိုင်၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပန်းလေပြေဟိုတယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်အလုပ်ရုံဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေပြု MSME ဖွံ့ဖြိုးရေး၊ အသက်အရွယ်အပိုင်း အခြားအလိုက် လူဦးရေများ၊ ပညာရေးနှင့်လူ့စွမ်းအား အရင်းအမြစ်များ၊ စက်မှုဇုန်နှင့်စက်ရုံအလုပ်ရုံများ၊ MSME လုပ်ငန်းများဆောင်ရွက်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု အခြေအနေနှင့်ကုန်စည်ဒိုင်များ၏ အနာဂတ်အလားအလာ၊ လျှပ်စစ်မီးရရှိမှုလိုအပ်ချက်နှင့် အနာဂတ်အလားအလာ၊ ကျေးလက်နေ လူမှုဘဝအခြေအနေနှင့်ကျေးလက်လမ်းပန်းဆက်သွယ်ရေး၊ လက်ရှိမြေအသုံးချမှု၊ ရေရရှိမှုနှင့် ရာသီဥတုအခြေအနေ ပြောင်းလဲလာမှု၊ ခရိုင်၏ GDP လက်ရှိအခြေအနေ လုပ်ငန်းကဏ္ဍများအလိုက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများပါဝင်သည့် အဖွဲ့(၉)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ဩဂုတ်လ ၅ ရက်နေ့က ကျင်းပခဲ့သည့်ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲပြီးနောက် ဆွေးနွေး လေ့လာတွေ့ရှိချက်များကို အခြေခံ၍ဆက်လက်ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး မိတ္ထီလာမြို့ပြဖွံ့ဖြိးရေးစီမံကိန်း (Town plan) ရေးဆွဲမည့်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပညာရှင်များပါ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ချမ်းသာ