လားရှိုး အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ခရိုင်များအလိုက်ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး (လားရှိုး) ရှိ ရဲရန်အောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန့်ဇင်က အမှာစကားပြောကြားပြီး လားရှိုး၊ မူဆယ်၊ တန့်ယန်းစသည့်ခရိုင်များအလိုက် ဖြစ်ပွားခဲ့သည့် လူသတ်မှု၊ လုယက်မှု မှုခင်းဖြစ်စဉ်များနှင့်စပ်လျဉ်း၍ တရားခံများနှင့်အတူ သက်သေခံပစ္စည်းများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်နှင့် အမှတ် (၆) မူးယစ်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သက်ထွန်းတို့က မှုခင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ပြည်သူများက ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ် ဖြစ်စဉ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)