ဟိုပုံး အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင်ဦးအောင်ခမ်းထီနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက နာဂပုရသာသနာလင်္ကာရအသင်း ဥက္ကဋ္ဌ ဟိုပုံးမြို့ တုံခမ်းကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တအာလောက မဟာသဒ္ဒမ္မဇောတိကဓဇ မဟာထေရ်ထံမှ သရဏဂုံသီလဆောက် တည်ပြီး ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် နာဂပုရသာသနာလင်္ကာရအသင်း ဩဝါဒစရိယ တောင်ကြီးမြို့ အေးစေတီပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တလက္ခဏသာမီဘိဝံသ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတမဟာထေရ်မှ ဩဝါဒကထာချီးမြှင့်တော်မူသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက သာသနာတော်ဆိုင်ရာလျှောက်ထားပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဦးအောင်ခမ်းထီနှင့် ဇနီးမိသားစုတို့မှ မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရသာသနာ လင်္ကာရသာမဏေကျော်စာမေးပွဲကြီးအတွက် အလှူငွေကျပ်(၅၂)သိန်းကို နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးကျောင်း ဆရာတော်အားဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် စာမေးပွဲကြီးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ ကျပ်သိန်း(၁၀၀)၊ အရှေ့ပိုင်းတိုင်းစစ်ဌာန တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးမှ ကျပ်သိန်း(၄၀)၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးမှ ကျပ်(၁၀)သိန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးကျောင်း ဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင်ဦးအောင်ခမ်းထီနှင့် တာဝန်ရှိသူများနှင့်ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များ၊ စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ(ပဉ္စမအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရသာ မဏေကျော်စာမေးပွဲတွင် ဥပစာတန်းရဟန်း၊ သာမဏေ၊ သီလရှင် (၁၀၂)ပါး၊ မူလတန်း ရဟန်း၊ သာမဏေ၊ သီလရှင်(၃၃၄)ပါး၊ ပထမအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၁၇၉၈)ပါး၊ ဒုတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၈၁၂)ပါး၊ တတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၂၅၄)ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် အပါး (၃၃၀၀) ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဆိုပါစာမေးပွဲကို အောက်တိုဘာ ၂၁ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ရာ ရပ်နီး/ရပ်ဝေးမှ ဒေသခံပြည်သူများလည်း အလှူငွေများ ဆက်ကပ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)