ဒဂုံတောင် အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း စုဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာဦးစီးဌာန ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်” သီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ပေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာကြည့်တိုက်အသုံးပြုမှုဆိုင်ရာများ ဆွေးနွေးပြောကြားပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ သက်ဝေမောင်က စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဥ်ဖြင့် စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်သဲစုစုဝင်းတို့က ညှိနှိုင်းရေးမှူးများအဖြစ် ဆောင်ရွက်ကြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ ခေါင်းစဥ်တို့ဖြင့် ဦးဆောင်ဆွေးနွေးကြကာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူလေးများက သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးကြသည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပြီး ဆုရရှိသောကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စာရေးဆရာအသင်းမှ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်းရာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ဌေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ဂိမ်းကစားနည်းပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကိုလည်း ကျင်းပပြုလုပ်ရာ ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ကြပြီး ဂိမ်းကစားနည်းပြိုင်ပွဲများတွင် အနိုင်ရရှိသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လက်ထောက်မြို့နယ်ပညာရေးမှူး၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းဝင်များနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရှိရသည်။
နေမျိုးအောင်(ဒဂုံတောင်)