မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား တက်ရောက်

မော်လမြိုင် အောက်တိုဘာ ၂၁

မွန်ပြည်နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွဲတော်အတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ  စာဖတ်ရှိန်မြှင့်တင်ရေး အထောက်အကူပြု စာပေဗိမာန် စာအုပ်၊ သိပ္ပံပြခန်း၊ ဌာနဆိုင်ရာ ပြခန်းများ၊ ဓာတ်ပုံပြပွဲများ၊ ပုဂ္ဂလိကစာအုပ် အရောင်းဆိုင်များ၊ ကျောင်းသား၊ ကျောင်းသူများမှ ရုပ်ပုံဆက်၊ စကားလုံးဆက်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုနေမှုများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊  ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြည်ပြိုင်ပွဲနှင့် စာပေဟောပြောပွဲတို့အား လည်းကောင်း လှည့်လည်ကြည့်ရှုအားပေး၍ ‌ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူ(၃၀၀၀) အား စတုဒိသာမုန့်များဝေငှပေးသည်။

ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ   ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူ၊ ကျောင်းသားများ ပညာဗဟုသုတပြည့်စုံ ကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား လူငယ်မောင်မယ်များအနေဖြင့်  စာဖတ်တဲ့အလေ့အကျင့်ကောင်းများ စွဲမြဲလာစေဖို့၊ အသိဉာဏ်ပညာ ဗဟုသုတများကို အချင်းချင်း လက်ဆင့်ကမ်းမျှဝေကြဖို့နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မာဖို့  ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း  ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူလေးများက မွန်တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြမှုအပေါ်  ကြည့်ရှုအားပေးခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း (၅၀) ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးကလက်ခံရယူပြီး မွန်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်၊ စာစောင်များ၊ အလှူရှင်များက အလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်  ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများအား ပေးအပ်ပြီးနောက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း  သိရသည်။

စည်သူ(ပြန်/ဆက်)