တပ်ကုန်းမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်

တပ်ကုန်း အောက်တိုဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်ကုသရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၁ ရက်နံနက်က မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ကြသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား  အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် တပ်ကုန်းခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင် ကြီးကြပ်၍ အထူးကုဆရာဝန်များ၊ အထွေထွေဆရာဝန်၊ ကျန်းမာရေးဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများ စုစုပေါင်း ၂၀ ဦးဖြင့် မြန်မာ့စီပွားရေးဘဏ်သို့  ပင်စင်လစာများ လာရောက်ထုတ်ယူကြသည့်  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား စာရင်းမှတ်တမ်း ရေးသွင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုရောဂါ စစ်ဆေးပေးခြင်း၊ ဒူးနာ၊ ခါးနာရောဂါများ၊  အရိုးရောဂါ၊ သွားရောဂါများနှင့်အထွေထွေရောဂါများ စစ်ဆေးကုသဆောင်ရွက်ပေးခဲ့ပြီးနောက် လာရောက်ပြသသည့် ရောဂါဝေဒနာရှင်စုစုပေါင်း ၁၁၅ဦးတို့အား ရောဂါဝေဒနာအလိုက်ဆေးဝါးများပေးအပ် ကာ ကျန်းမာရေးအခမဲ့ စောင့်ရှောက်ပေးခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်