တံတားဦး အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဝါးခမောက်ရက်လုပ်နည်း(အခမဲ့)သင်တန်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဖွင့်လှစ်ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဘိုမောင်ဦးစီးအရာရှိက အမှာစကားပြောကြားပြီး တံတားဦးမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်စန်းစန်းအေးက ဝါးခမောက်ရက်လုပ်နည်းကို လက်တွေ့သင်ကြားပေးသည်။
ဝါးခမောက်ရက်လုပ်ရန်အတွက် နှီးကို မန္တလေးမှ ပိဿာချိန်ဖြင့်ဝယ်ယူရကြောင်း၊ နှီးတစ်ပိဿာလျှင် ငွေကျပ်(၃၅၀၀)ပေးဝယ်ရကြောင်း၊ နှီးတွင်အတို၊ အရှည်နှစ်မျိုးရှိပါကြောင်း၊ ဒါ့အပြင် နှီးကို မိမိလိုချင်သောအရောင်ကို ဆေးသုတ်ရပါကြောင်း ဝါးခမောက်ရက်လုပ်ခြင်းနှင့် နှီးခြင်းရက်လုပ်နည်း တို့သည်အတူတူပင်ဖြစ်ကြောင်း အခေါ်အဝေါ်ပြောင်းလဲခြင်းဖြစ်ကြောင်း၊ တစ်နေ့လျှင်ဝါးခမောက် (၁၅)လုံးပြီးကြောင်း အလုပ်သမားတစ်ဦးငှားရမ်းလျှင် ဝါးခမောက်ရက်လုပ်ခတစ်လုံးလျှင် ငွေကျပ်(၁၀၀၀)ပေးရကြောင်း တံတားဦးမြို့ အမှတ်(၁)ရပ်ကွက်သစ်ရပ် ခြင်းရက်လုပ်သူ ဒေါ်မြမြစန်းထံမှသိရသည်။ အဆိုပါ သင်တန်းကို နှစ်ရက်ကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ တံတားဦးခရိုင်/မြို့နယ်တို့မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည် ။
ရဲတင့်( ပြန်/ဆက်)