ကျိုင်းတုံမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအစည်းအဝေး ကျင်းပ

ကျိုင်းတုံ အောက်တိုဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၀ ရက် နံနက် ၉  နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူက အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းကျော်သူ၊ မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်စုမွန်ကျော်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက လူဦးရေကိန်းဂဏန်းအချက်အလက်များနှင့် မြေပြင်ကွင်းဆင်းကောက်ယူရာမှရရှိသည့် စာရင်းအချက်အလက်ကွဲလွဲမှုနှင့်မပြည့်စုံမှု၊ အချက်အလက်ထပ်နေမှုနှင့်မပါရှိမှုစသည့် ကွဲလွဲမှုများ မဖြစ်ပေါ်စေရေးအတွက် အဆင့်ဆင့်စနစ်တကျ စိစစ်အတည်ပြု၍ သတ်မှတ်ရက်အရောက် ပြုစုပေးပို့နိုင်ရေး၊ စာရင်းအချက်အလက်များကို အခြေခံကျကျတိုက်ဆိုင်စိစစ်ကာ မဲစာရင်းမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းမဲစာရင်းတွင်ပါဝင်နိုင်ရေး၊ လက်ရှိမြေပြင်တွင် အကြောင်းအမျိုးမျိုးကြောင့် မိမိမြို့နယ်အတွင်းပြောင်းဝင်/ပြောင်းထွက်ကြသည့်စာရင်းများ၊ ကွယ်လွန်သွားသူများကို အချိန်နှင့်တစ်ပြေးညီတိုက်ဆိုင်စိစစ်ပြီး လဝက၏လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုက်ညီစေရေး စဉ်ဆက်မပြတ်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)