သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်

သထုံ အောက်တိုဘာ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို အောက်တိုဘာ ၂၁ ရက်နေ့နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တက်ထွန်းဝင်းနှက့်အဖွဲ့ဝင်များ တာဝန်ရှိသူများက ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့်လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်းနှင့် တာဝန်ရှိသူများပူးပေါင်းကာ သက်‌သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခြင်းတို့ကို ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးပေးခဲ့ကြသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)