မူဆယ် အောက်တိုဘာ ၂၁
မူဆယ်မြို့အတွင်း နေထိုင်ကြသော ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များအား ကျန်းမာရေး အသိ၊ သတိရှိစေရန်နှင့် မိမိကိုယ်တိုင်ကျန်းမာမှအများနှင့်အတူ ဆောင်ရွက်နိုင်သည့်အရာများကို ဆောင်ရွက်နိုင်သည်ကို သိရှိစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ ၂၁ နံနက် (၉)နာရီအချိန်က မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးမှ ယနေ့မိုးရာသီကာလအတွင်း ဖြစ်ပွားလျက်ရှိသော သွေးလွန်တုပ်ကွေးရောဂါနှင့်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းတို့ကိုလည်းကောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းကအမှိုက်များကို စနစ်တကျစွန့်ပစ်တတ်စေရန်ကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ကျန်းမာရေးဦးစီးဌာနမှ ကပ်ထားသည့် ကျန်းမာရေးအသိပညာပေး နံရံကပ် စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေး အသိပညာပေး ဟောပြောပွဲသို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားလူငယ်များ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)