တပ်ကုန်း အောက်တိုဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်နိုင်ရန် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး (DT)ထိုးနှံခြင်းကို အောက်တိုဘာ ၁၃ ရက်မှ ၂၁ ရက်နေ့ထိ ကာကွယ်ဆေးများထိုးနှံဆောင်ရွက်ခဲ့သည်။
ထိုကာကွယ်ဆေးထိုးနှံစုရပ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများ၊ သားအိမ် ခေါင်းကင်ဆာဖြစ်ပွားပါက နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုး ကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ကျောင်းသူများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြသည်။
တပ်ကုန်းမြို့နယ်တွင် ကာကွယ်ဆေးထိုးစုရပ် ၁၅၂ နေရာဖွင့်လှစ်ပြီး၊ ကျောင်းပေါင်း ၁၇၆ ကျောင်းမှ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံသည့် ကျောင်းသူပေါင်း ၁၉၂၁ဦး၊ ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး (DT)ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၃၃၅ ဦးတို့အား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်အသင်းမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်