သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း(RBF) စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများအောင်မြင်

သာစည် အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျေးလက်နေအိမ်ထာင်စုများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (RBF)စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အောင်မြင်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်မြသက်ဝင်းထံက သိရသည်။

အဆိုပါစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်ခဲ့ပြီး နိုင်ငံတော်ကထောက်ပံ့ပေးသော စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀၊ ငွေကျပ်တစ်ရာလျှင် အတိုးနှုန်း ၅၀ ပြားနှင့် ကျေးရွာအစုအဖွဲ့က ထည့်ဝင်ငွေကျပ်သိန်း ၁၀၀ စုစုပေါင်း ငွေကျပ်သိန်း ၄၀၀ ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စီမံကိန်းလုပ်ငန်းများမှာ ဆိတ်မွေးမြူရေးနှင့် နွားမွေးမြူရေးလုပ်ငန်းတို့ဖြစ်ပြီး ဆိတ်မွေးမြူရေးလုပ်ငန်း၌ အဖွဲ့တစ်ဖွဲ့လျှင် အသင်းသား၊ ကျောင်းသူ ၁၅ ဦးရှိပြီး ရန်ပုံငွေကျပ် ၇၅ သိန်းနှင့် အသင်းသား၊ ကျောင်းသူ ထည့်ဝင်ငွေကျပ် ၂၅ သိန်းဖြင့် အဖွဲ့နှစ်ဖွဲ့၊ နွားမွေးမြူရေးလုပ်ငန်း၌ အဖွဲ့တစ်ဖွဲ့လျှင် အသင်းသား၊ ကျောင်းသူ ၁၀ ဦး ရှိပြီး ရန်ပုံငွေကျပ် ၇၅ သိန်းနှင့်အသင်းသား၊ ကျောင်းသူထည့်ဝင်ငွေကျပ် ၂၅ သိန်းဖြင့်အဖွဲ့နှစ်ဖွဲ့ စုစုပေါင်းအဖွဲ့လေးဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကာ ဆိတ်မွေးမြူရေးလုပ်ငန်းကို တစ်နှစ်လျှင် စက်ဝန်းတစ်ကြိမ် သတ်မှတ်ပြီး နွားမွေးမြူရေးလုပ်ငန်းကို သုံးနှစ်တစ်ကြိမ် စက်ဝန်းသတ်မှတ်၍ မွေးမြူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဆိတ်မွေးမြူရေးလုပ်ငန်းမှ အကျိုးအမြတ်အနေဖြင့် ပထမစက်ဝန်းတွင် ငွေကျပ် ၅၃၇၀၀၀၀နှင့် ဒုတိယစက်ဝန်းတွင်ငွေကျပ် ၉၅၆၀၀၀၀ တို့ ရရှိခဲ့ကြောင်း သိရသည်။ ယခုအခါတွင် တတိယစက်ဝန်းလည်ပတ်လျှက်ရှိပြီး စီမံကိန်းကာလ သုံးနှစ်ပြည့်ချိန်တွင် ရရှိလာသည့် အကျိုးအမြတ်များကို အသင်းသား၊ ကျောင်းသူများက ခံစားရမည်ဖြစ်ကြောင်းနှင့် မူလမတည်ငွေကို အခြားအသက်မွေးဝမ်းကြောင်းအဖွဲ့ (သို့မဟုတ်) အခြားကျေးရွာ (သို့မဟုတ်) အခြားမြို့နယ်သို့ ပြောင်းရွှေ့ဆောင်ရွက်ခြင်း၊  သက်တမ်းတိုးမြှင့်ခြင်းများ ဆောင်ရွက်နိုင်ကြောင်းနှင့် ရရှိသောအတိုးငွေအား နောက်စက်ဝန်းတွင် ထပ်ပေါင်းရင်းနှီးနိုင်ရန်ပြန်လည်ထုတ်ချေး ပေးနိုင်သကဲ့သို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း အများသဘောတူညီမှုဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)