ဥတ္တရသီရိ အောက်တိုဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ထွက်ရှိလာသော စိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးမျိုးဇော်၊ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့်ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာစိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးမျိုးဇော်က နည်းပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ပညာရှင်များဖြစ်ကြသည့် ဒေါက်တာဝင်းသန်းနှင့်အဖွဲ့များက တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်သော သီးနှံပုံစံများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ မြေဆီလွှာစီမံခန့်ခွဲရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ် သုံးစွဲရေးနှင့် ဓာတ်မြေဩဇာများအကျိုးရှိစွာ အသုံးပြုရေး၊ သီးနှံဖျက်ပိုးများအား ဘက်စုံ ကာကွယ်ရေးနည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းရေး၊ ပိုးသတ်ဆေးများအား စနစ်တကျ သုံးစွဲရေးတို့ကို နည်းပညာပေးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည့်မေးမြန်ချက်များအား တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း