ပင်းတယမြို့နယ်တွင် MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းလုပ်ငန်းများဆောင်ရွက်

ပင်းတယ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ရခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊‌ ပွေးလှကျေးရွာအုပ်စု၊ ပွင့်လန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက မြန်မာနိုင်ငံတွင် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်)နှင့်စပ်လျဉ်း၍ Power Point ဖြင့်ရှင်းလင်းဆွေးနွေးတင်ပြပေးပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပင်းတယမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲအား ဟန့်တားဖျက်ဆီးခြင်းနှင့် ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ပွင့်လန်းကျေးရွာသူ/ကျေးရွာသားများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး ခဲ့ကြကြောင်းသိရသည်။

ယင်းနောက်မွန်းလွဲပိုင်းတွင် အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်း အနားကို‌ ပွေးလှကျေးရွာအုပ်စု၊ ရှောက်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အောင်ကိုဦး