နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး  နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိရာဇသင်္ဂဟလမ်းမကြီးတစ်လျှောက် လမ်းဘေးပလက်ဖောင်းများပြန်လည်ပြုပြင်နေမှု၊ လမ်းဘေးဝဲယာနှင့် လမ်းလယ်ကျွန်းတစ်လျှောက် စိမ်းလန်းစိုပြည်ရေးရာသီအလိုက်ပန်းအလှပင်များနှင့် အရိပ်ရအပင်များထပ်မံစိုက်ပျိုးထားရှိမှုနှင့်  T လမ်းဆုံရေကန်သန့်ရှင်းသာယာလှပရေး Collector Drain၊ Slop Drainနှင့် ကျောက်စီရေထိန်းနံရံများပြုပြင်နေမှုများကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စိုက်ပျိုးသည့်အပင်များ ရှင်သန်ကြီးထွားအောင်စိုက်ပျိုးကြရန်၊ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်သွားရန်၊ လမ်းပိုင်းများ သတ်မှတ်အချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေးသတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက်၊  ကံ့ကော်အိမ်ရာသို့သွားရောက်ပြီး ရေစီး၊ ရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ဆောင်ရွက်နေမှုနှင့် ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်အချိန်အတွင်းပြီးစီးစေရန်နှင့် အရည်အသွေးစံချိန်၊ စံညွှန်းများကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊  ဝန်ထမ်းအိမ်ရာဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်များကင်းစင်ပြီး ရေများတင်ကျန်မှုမရှိစေရေးအတွက် ရေနုတ်မြောင်းများ စနစ်တကျဆောင်ရွက်ရေးမှာကြားခဲ့ကြောင်းသိရသည်။

အောင်ကို(ပုဗ္ဗသီရိ)