မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၂ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားနှင့် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူးဒေါ်မော်မော်က အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော် က ပြိုင်ပွဲရည်ရွယ်ချက်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ  ပြိုင်ပွဲဝင်ကျောင်းသူကျောင်းသား ၄၄ ဦး ပါဝင်ယှဉ်ပြိုင်ကြရာ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သူ ၁၅ ဦးအား အကဲဖြတ်ဒိုင်အဖွဲ့က  အကဲဖြတ်ရွေးချယ်သည်။ အဆိုပါ ၁၅ ဦးသည် အောက်တိုဘာ ၂၉ ရက်တွင် ကျင်းပမည့် ခရိုင်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင်ဆက်လက်ယှဉ်ပြိုင်ပြီး ဆုများရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။ အဆိုပါပွဲတော်အကြိုပြိုင်ပွဲများတွင် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊  မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲများပါဝင်သည်။ ယင်းပြိုင်ပွဲကို အောက်တိုဘာ ၂ဝ ရက်မှ ၂၄ ရက်အထိ  ကျင်းပမည်ဖြစ်သည်။

ထို့အတူ အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲ၊  မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ မူလတန်းအဆင့် စက္ကူခေါက်ပြိုင်ပွဲ၊ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို  အဆိုပါပွဲတော်ကျင်းပမည့် အောက်တိုဘာ ၂၉ ရက်တွင် အထက(၁)၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ