မိုးညှင်း အောက်တိုဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသော (၂၁)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့နံနက်ပိုင်းက အောင်သပြေ ကျောင်းတိုက်၌ ကျင်းပသည်။
ဦးစွာ တက်ရောက်လာကြသည့် ဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်သံဃာတော်များနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်သံပြိုင်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ကြပြီး ရတနာမြတ်သုံးပါးနှင့် ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်ရှင်သူမြတ်တို့အား ကန်တော့ကြသည်။ ဆက်လက်၍ မော်ပင့်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဉာနိန္ဒ ထံမှ ငါးပါးသီလအား ခံယူဆောက်တည်ကြကာ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်တရားတော်အား ချီးမြှင့်တော်မူ၍ တရာနာ ဧည့်ပရိသတ်များက နာယူပူဇော်ကြသည်။
ထို့နောက် ခေတ္တခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်သူရပ်ကွက်သားများနှင့် လူမှုအသင်းအဖွဲ့များက ဆရာတော် သံဃာတော် အရှင်သူမြတ်များထံ ကထိန်လျာဉာတ်သင်္ကန်း၊ အခြံအရံသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများကို ဆက်လက်လှူဒါန်းကြကာ မော်ပင့်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဉာနိန္ဒ ထံမှ ကထိန်အနုမောဒနာတရားတော်အား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ၍ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များမှ လှူဒါန်းခဲ့ကြသည့် ကထိန်လျာ ဉာတ်သင်္ကန်း၊ အခြံအရံသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၄၂၉)သိန်းကျော်တို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း