မြစ်ကြီးနား အောက်တိုဘာ ၂၀
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ဟိုတယ်ဆိုင်ရာအခြေခံဝန်ဆောင်မှုသင်တန်းများနှင့် အာဆီယံအဆင့်အသိအမှတ်ပြု နိုင်ငံအဆင့်သင်ကြားရေးဆရာဖြစ်သင်တန်းနှင့် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲများတက်ရောက်ဖွင့်လှစ်ပေးပြီး Grace ကလေးသူငယ်ပြုစုပျိုးထောင်ရေး မိဘမဲ့ကလေးဂေဟာသို့ စားသောက် ကုန်များကို ထောက်ပံ့ပေးအပ်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့တပ်ကုန်း(အင်ဂျန်ဒုံ-မြောက်)ရပ်ကွက်အတွင်းရှိ အဂ္ဂါဗေ (AGAPE)ဟိုတယ်ခန်းမ၌ ဒေသခံလူငယ်များအတွက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုးဖြစ်သည့် ဧည့်ကြို (Front Office)၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး (House Keeping)၊ အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှု (Food & Beverages - service) အခြေခံသင်တန်းများနှင့် အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့်သင်ကြားရေးဆရာဖြစ်သင်တန်း (ASEAN National Trainer) ဖွင့်ပွဲသို့ တက်ရောက်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်း များ တိုးတက်အောင်မြင်စေရေးအတွက် ဒေသတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ပါဝင်ပတ်သက်သူများ၊ ခရီးသွားဧည့်သည်များ၊ ဒေသပြည်သူ အလွှာစုံအထိ ဟိုတယ်လုပ်ငန်းကဏ္ဍ၏ အသိပညာဖြန့်ဝေခြင်း၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်း၊ စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းအားဖြင့် ပြည်နယ်၏ ဟိုတယ် နှင့် ခရီးသွားကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဖြစ်ပြီး ပြည်နယ်အတွက်သာမက နိုင်ငံအတွက်ပါအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်စေရေး ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ကချင်ဇုန်)တို့ ပူးပေါင်း၍ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့မှု အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
အဆိုပါ သင်တန်း(၃)မျိုးတွင် သင်တန်းသား/သင်တန်းသူ(၁၃၂)ဦးတို့အတွက် သင်တန်းကာလရက်သတ္တသုံးပတ်နှင့် အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့် သင်ကြားရေးဆရာအဖြစ်သင်တန်းကို (၅) ရက် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ပြည်သူ့အားက စားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ မျိုးဆက်သစ် လူငယ်လက်ဝှေ့ အားကစားသမားများပေါ်ထွန်းလာစေရေး ကျင်းပသည့် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က လက်ဝှေ့ပြိုင်ပွဲ အတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း ၃၀ နှင့် လက်ဝှေ့ဆပ်ကော်မတီ တာဝန်ရှိသူများ၊ ပါဝင်ကူညီ ပံ့ပိုးပေးကြသူများအား ဂုဏ်ပြုမှတ်တမ်း လွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်လက်ဝှေ့ဆပ်ကော်မတီမှ သင်ကြားလေ့ကျင့်ပေးလျက်ရှိသော လူငယ်လက်ဝှေ့သင်တန်းသား/ သင်တန်းသူများက လက်ဝှေ့လေ့ကျင့်ခန်းများဖြင့် သရုပ်ပြသမှုကို လည်းကောင်း၊ Grace အကအဖွဲ့က ကပြဖျော်ဖြေမှုကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး လက်ဝှေ့ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဖြိုးဝေလင်း (မန်ခိန်)နှင့် မိုက်ကယ်ဇော်ခေါင်(ဒူကထောင်)တို့၏ ယှဉ်ပြိုင်ထိုးသတ်မှုကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသူများ၊ လက်ဝှေ့ဝါသနာရှင်ပရိသတ်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကာ အနိုင်ရရှိသည့် လက်ဝှေ့အားကစားသမားအား ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နန်းကွေ့ကျေးရွာ၊ နယ်မြေ (၅) အတွင်းရှိ Grace ကလေးသူငယ်ပြုစုပျိုးထောင်ရေး မိဘမဲ့ကလေးဂေဟာသို့ သွားရောက်ပြီး ဂေဟာ အတွင်း ပြုစုစောင့်ရှောက်ထားသော မိဘမဲ့ကလေး (၃၂)ဦးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က ဆန် (၁၀)အိတ်၊ ဆီ (၁၀)ပိဿာ၊ ကြက်ဥများကို ထောက်ပံ့ပေးအပ်ရာ ဂေဟာအတွင်းရှိ ကလေးများက ဂုဏ်ပြုတေးသီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြကာ ဂေဟာမှူး ဒေါ်အားချီက ကျေးဇူးတင်ရှိကြောင်းနှင့် ဂေဟာအတွက် လျှပ်စစ်မီးလိုအပ်ချက်ကို တင်ပြကြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်