ရန်ကင်း အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ရန်ကင်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်မှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်း မဲစာရင်းများမှန်ကန်မှုရှိစေရေးနှင့်ကွဲလွဲမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်သွားရန်၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ရာတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ရပ်ကွက်များတွင်ကြေညာထားသည့်မဲစာရင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး စဉ်ဆက်မပျက်လှည့်လည်ဆော်ဩသွားကြရန်၊ မဲစာရင်းလာရောက်ကြည့်ရှုသည့် ပြည်သူများက မဲစာရင်းတွင်မိမိအမည်မပါဝင်ပါက အမည်ထည့်သွင်းခြင်း၊ မပါဝင်သင့်သူများပါဝင်ပါက ကန့်ကွက်ခြင်း၊ အချက်အလက်များမှားယွင်းပါက ပြင်ဆင်ခြင်းများ လျှောက်ထားရာတွင် ရွေးကောက်ပွဲဥပဒေနှင့်အညီ စနစ်တကျသတ်မှတ်ပုံစံများဖြင့် ပြုစုတင်ပြဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတာဝန်ကိစ္စရပ်များ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ မြေပြင်ကွင်းဆင်းဆောင်ရွက်ရေးနှင့် အခြားလိုအပ်သည့်လုပ်ငန်းကိစ္စရပ်များအား တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ယင်းနောက်တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)