သမိုင်းဝင်ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ရွှေကြာသင်္ကန်း ကပ်လှူပူဇော်မည်

ပုဇွန်တောင် အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ပဉ္စမအကြိမ် ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပဉ္စမအကြိမ်ရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲကို ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူးကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ ၄ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၅ နာရီ၌ စေတီတော် ပထမပစ္စယာ၊ ဒုတိယပစ္စယာ၊ တတိယပစ္စယာနှင့် ပန်းတင်ခုံများရှိ စေတီတော်များ၊ ပရိဝုဏ်အတွင်းရှိ အရံစေတီများ၊ မတ်ရပ်ရုပ်ပွားတော်များ၊ လျောင်းတော်မူရုပ်ပွားတော်များ၊ ထိုင်တော်မူ ရုပ်ပွားတော်များအပြင် သာသနာ့ဇောတိက ဓမ္မာရုံအတွင်းရှိ ရုပ်ပွားတော်များ၊ မဟာဗောဓိ ညောင်ပင်ရှိ ရုပ်ပွားတော်များကိုလည်း ရွှေကြာသင်္ကန်းများ ဆက်ကပ်ပူဇော်မည်ဖြစ်သည်။

ယခုအခါ တန်ဆောင်မုန်းလပြည့်နေ့၌ ဆက်ကပ်လှူဒါန်းမည့် အလျား ၆ ကိုက်ခွဲ x အနံ ၅ ကိုက်ခွဲရှိ သင်္ကန်းအစုံ(၈၂)စုံအား ရွှေကြာပန်းများ ရက်ဖောက်လျက်ရှိနေပြီး တန်ဆောင်မုန်းလပြည့်နေ့၌ ဆက်ကပ်မည့်  ရွှေကြာသင်္ကန်းများကို ပင်မအလှူရှင်များကိုယ်တိုင် လာရောက် ဆက်ကပ်လှူဒါန်း ပူဇော်နိုင်ပါကြောင်းနှင့် သမိုင်းဝင်ရွေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ယခင်က နှစ်စဥ်မသိုးသင်္ကန်းများ ရက်လုပ်ဆက်ကပ်ပူဇော်ခဲ့ပြီး ရွှေကြာသင်္ကန်း​ဆက်ကပ်ပူဇော်ခြင်းသည် ယခုနှစ်တွင် ပဉ္စမအကြိမ် ဖြစ်ကြောင်း ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဟန်စုယဉ်