ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ လှူဒါန်းထောက်ပံ့ပွဲ အခမ်းအနားများသို့ ဝန်ကြီးချုပ် တက်ရောက်အားပေး

မြစ်ကြီးနား အောက်တိုဘာ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ သဲဖြူကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်နယ်အတွင်းရှိ ဒေသခံမျက်စိရောဂါဝေဒနာ ခံစားနေရသူများအား စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သဲဖြူကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီး ကြွရောက်တော်မူရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် အလှူရှင်များက ဖူးမြော်ကြည်ညိုခဲ့ကြပြီး ပြည်သူ့ဆေးရုံကြီး (၃)ထပ် လူနာဆောင်၌ စက္ကုဒါနအဖြစ် အခမဲ့ မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုခံယူရန် လာရောက်ကြသည့် ဒေသခံ ပြည်သူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး မုန့်နှင့် ရေသန့်ဘူးများ၊ နေ့လယ်စာထမင်းဘူး များကို ဒါနပြုလိုက်လံကျွေးမွေးပေးခဲ့ကြသည်။

ယင်းနောက် စက္ကုဒါန အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်း လုပ်ငန်းအတွက် ဆေးရုံကြီး အတွင်း မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်၊ အထူးကုဆေးရုံကြီး (မန္တလေး)မှ မျက်စိအထူးကုဆရာဝန် ဒေါက်တာဝင်းထွန်းနိုင်နှင့် မျက်စိအထူးကုဆေးရုံ (စဉ့်ကိုင်မြို့)မှ အထူးကုဆရာဝန် ဒေါက်တာရီလင်းတို့ ဦးဆောင်၍ အထက်တန်းသူနာပြုများ၊ အကူသူနာပြုများ၊ မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကု ဆရာဝန်နှင့် သူနာပြုများ၊ အမှတ် (၁) တပ်မ တော်ဆေးရုံ(ကုတင်-၃၀၀)မှ အထူးကုဆရာဝန်တို့နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ် ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဝင်များ၊ ကချင်ပြည်နယ် အခမဲ့ဆေးဝါး ကုသရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒူဝါ‌‌‌ဒေါက်တာဘွမ်ယွမ်နှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းကူညီမှုဖြင့် မျက်စိ စမ်းသပ်ကုသရန် လာရောက်ကြသူများအား စာရင်းသွင်းလက်ခံခြင်း၊ စမ်းသပ်ပေးခြင်းနှင့် ခွဲစိတ် ကုသပေးခြင်း၊ ဆေးဝါးများ အခမဲ့ ထောက်ပံ့ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ခွဲစိတ်ကုသမှု ခံယူကြသော လူနာများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ ဆေးဝါးနှင့် မျက်မှန် များကို လှူဒါန်း‌ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အခမဲ့ မျက်စိစမ်းသပ်ခွဲ စိတ်ကုသပေးခြင်းအတွက် စက္ကုအလင်းကျန်းမာရေးကုသိုလ်ပြု အလှူရှင်များ၏ အလှူရေစက်ချ အခမ်းအနားကို ကျင်းပပြုလုပ်ပြီး ဆရာတော်မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ အနုမောဒနာတရားတော်များ နာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆရာတော်ထံ လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ စက္ကုဒါနအဖြစ် အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး အဆိုပါ (၃)ထပ်လူနာဆောင်၌ အောက်တိုဘာ ၁၆ ရက်နေ့မှ စတင်၍ စာရင်းကောက်ယူခြင်း၊ စမ်းသပ်ကုသပေးခြင်း၊ ခွဲစိတ်ကုပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့ညနေအထိ မျက်စိ ရောဂါဝေဒနာရှင် စုစုပေါင်း (၁၄၂၈)ဦးတို့အား စမ်းသပ်စစ်ဆေးပေးခဲ့ကာ ခွဲစိတ်ကုသပေးရမည့် လူနာ (၂၈၀)ဦးအနက် (၁၃၂)ဦးတို့အား ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပြီး  အောက်တိုဘာ ၂၃ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ဆရာတော်မထေရ်မြတ်ကြီးက ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ (၁၅၀၀)စုံ ထောက်ပံ့လှူဒါန်းခြင်းနှင့် ဆရာတော်ကြီးအား အမှူးထား၍ အလှူရှင် ဦးဘရန်မိုင်က ကျောင်းသုံးစာအုပ်၊ ဘောပင်၊ ခဲတံဒါဇင် (၁၅၀၀)စီ လှူဒါန်းထောက်ပံ့ပွဲ အခမ်းအနားသို့ အခြေခံပညာ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ တက်ရောက်ခဲ့ကြပြီး ဆရာတော် မထေရ်မြတ်ကြီးထံမှ ဆုံးမသြဝါဒကထာ အနုမောဒနာတရားတော်ကို နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ လှူဒါန်းမှုတို့အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ကျေးဇူးတင်ဝမ်းမြောက်ကြောင်းကို လျှောက်ထားတင်ပြပြီး ဆရာတော်မထေရ်မြတ်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို လှူဒါန်းထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်