တွံတေးမြို့နယ်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူလှည့်လည် ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တွံတေး အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် မြို့တွင်း နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေလယ် ၂ နာရီအချိန်က ရွှေဆံတော်စေတီရှိ ဘဏ္ဍာတော်ထိန်းဂေါပကရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာတက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ဖွင့်လှစ် ခဲ့ပြီး နာယကဦးနေဝင်၊ ရွှေဆံတော်စေတီဘဏ္ဍာတော်ထိန်းဂေါပက ဥက္ကဋ္ဌ ဦးအေးကိုတို့ကက အဖွင့်အမှာစကားပြောကြားပြီး ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် ဦးမြင့်ချိုတို့က မသိုးသင်္ကန်းရက်လုပ်ပူဇော်မှုနှင့် မြို့နယ်လုံးဆိုင်ရာနှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရားများ ဒေသစာရီကြွချီပူဇော်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ရပ်ကွက်များအတွင်း ဝတ်အသင်းအဖွဲ့များအနေဖြင့် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံရာတွင် ကြည်ညိုဖွယ်ဖြစ်အောင် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ အနေဖြင့်လည်း ကျရာကဏ္ဍများအလိုက် လစ်ဟာမှုမရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသူများက လုပ်ငန်းစဉ်များအား အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ပြီးမြောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး