ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်​ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ ၁၉

ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ (၁၇)ရက်၊ ညနေ(၃)နာရီခွဲကတောင်ကြီးမြို့၊ စန်းစန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နည်းပညာပေးဆွေးနွေးပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍသည် နိုင်ငံတော်၏စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေး တိုးတက်မှု အတွက် အဓိကကျောရိုးတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုက်ငံ၏စိုက်ပျိုးရေး ထုတ်ကုန်များသည် ကမ္ဘာ့စျေးကွက်တွင်ယှဥ်ပြိုင်နိုင်ရန်နှင့် ပြည်တွင်းစားသုံးသူများ၏ ကျန်းမာရေးကို ကာကွယ်နိုင်ရန် အတွက် ယနေ့ခေတ်၏အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး သာမက ထွက်လာသည့်သီးနှံများ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး အရေးကြီးလာမှုကို တွေ့ရှိရပါကြောင်း၊ သီးနှံထုတ်လုပ်မှုတွင်ပြည်ပပို့ကုန်သီးနှံများ၊ ပြည်တွင်းစားသုံးသည့် သီးနှံများ၊ ပိုးသတ်ဆေးဓာတ်ကြွင်းလျော့နည်းသည့် သီးနှံများကို ထုတ်လုပ်နိုင်မှသာ နိုင်ငံတကာ စျေးကွက်မှာလည်း ယှဥ်ပြိုင်န်ုက်ပြီး စျေးကောင်းရရှိမှာဖြစ်ပြီး ပြည်တွင်းစားသုံးသူအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ အကြံပြုချက်များကို လိုက်နာရန်လိုအပ်ပါကြောင်း၊ ဆွေးနွေးချက်များကို သိရှိပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးချိုနိုင်ထွန်းက နည်းပညာ ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြီး စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးဦးဇော်လင်းမှ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များ တွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

၎င်းနောက်တက်ရောက်လာသည့် တောင်သူများမှ သိရှိလိုသည့်များမေးမြန်းချက်များကို တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားပြီး အထွေထွေဆွေးနွေးကြရာ တောင်သူများမှလိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးစာအုပ်များ၊ လက်ကမ်းစာစောင်များ၊ သင်ထောင်ကူပစ္စည်းများကို ကြည့်ရှုအားပေး ခဲ့ကြသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ သက်ဆိုင်ရာဘာသာရပ်အလိုက် ပညာရှင်များမှ ပညာပေးဆွေးနွေးပို့ချကြသည်။ အဆိုပါပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးဆွေးနွေးပွဲတွင် တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ၊ လွိုင်လင်၊ ပင်လုံ၊ လင်းခေးတို့မှ တောင်သူများ(၂၅၀)ဦးတက်ရောက် ကြကြောင်းနှင့် အောက်တိုဘာ(၁၈)ရက်နေ့၌ ကလောမြို့နယ်တွင် ကလော၊ ပင်လောင်း၊ ပင်းတယ၊ ရွာငံရှိ သူတောင်သူများအား ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)