ဒဂုံတောင် အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့်အဖွဲ့ဝင်များသည် မဲစာရင်းမှန်ကန်ရေးနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က မိတ်ဆက်စကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မဲစာရင်းမှန်ကန်စေရေး မဲပေးစက်ဖြင့်မဲပေးခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့်ဆွေးနွေးပြောကြားပြီး လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေး အတွက် မဲစာရင်းမှန်ကန်စေရေး အချိန်မီပြီးစီးရေး လိုအပ်ချက်များရှိပါက အကူအညီပေးရန် အဓိကလာရောက်ရခြင်းဖြစ်ကြောင်း လိုအပ်သည်များရှိကတင်ပြပေးကြရန် စသဖြင့်လမ်းညွှန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် လိုအပ်ချက်များတင်ပြကြရာ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
သန်းသန်းအေး(ပြန်/ဆက်)