မြစ်ကြီးနား အောက်တိုဘာ ၁၉
နိုင်ငံတော်အတွင်း လယ်ယာထွက်ကုန်များတိုးတက်ထုတ်လုပ်နိုင်ပြီး နိုင်ငံသားများ၏ စားနပ် ရိက္ခာဖူလုံစေရေးနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်များကို အတိုးနှုန်း သက်သာစွာဖြင့် ရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ဘဏ်ခွဲအနေဖြင့်လည်း (၂၀၂၅) ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ မြစ်ကြီးနားဘဏ်ခွဲအနေဖြင့် ချေးငွေ စတင်ထုတ်ချေးပေးသည့် ပထမနေ့တွင် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက်နှင့် ရှဒေါင်ကျေးရွာတို့မှ တောင်သူများ၏ စိုက်ဧက (၃၀)အတွက် ၁ ဧက (၁)သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ် ငွေကျပ် သိန်း(၃၀) ထုတ်ချေးပေးလျက်ရှိပြီး ဘဏ်ခွဲအနေဖြင့် ယခုနှစ် ဆောင်းရာသီတွင် တောင်သူများ၏ လယ်သီးထပ် အဖြစ် ဆီထွက်သီးနှံ ဆီမုံညှင်း၊ ပြောင်း စသည့် ဆောင်းသီးနှံစိုက်ပျိုးကြမည့် မြစ်ကြီးနားမြို့နယ် အကျဲ၊ ပမ္မတီး၊ ရှဒေါင်၊ တပ်ကုန်း ရပ်ကွက်/ကျေးရွာများမှ တောင်သူ (၂၉)ဦးတို့၏ စိုက် ဧကပေါင်း (၂၀၂) ဧကအတွက် လည်းကောင်း၊ ဝိုင်းမော်မြို့နယ် ခတ်ချို၊ နောင်ဟီး ကျေးရွာများမှ တောင်သူ (၁၁၃) ဦး၏ စိုက်ဧကပေါင်း (၈၃၅) ဧကအတွက်လည်းကောင်း စုစုပေါင်းတောင်သူ (၁၄၂)ဦးတို့၏ စိုက်ဧကပေါင်း (၁၀၃၇) ဧကအတွက် ငွေကျပ်သိန်းပေါင်း (၁၀၃၇) ထုတ် ချေးပေးသွားရန် လျာထားကြောင်း မြစ်ကြီးနားခရိုင်ဘဏ်ခွဲမှ သိရသည်။
ထို့ပြင် ခရိုင်ဘဏ်ခွဲအနေဖြင့် (၂၀၂၅) ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် မြစ်ကြီနား၊ ဝိုင်းမော်၊ ပူတာအိုနှင့် နောင်မွန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၅) အုပ်စု၊ တောင်သူပေါင်း (၁၂၁၄)ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း(၄၀၇၉) ဧကအတွက် ကျပ်သိန်းပေါင်း (၆၁၁၈၅၀၀၀၀) ထုတ် ချေးပေးထားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)