မြောက်ဥက္ကလာပ အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေ ဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၉ ရက်နေ့နံနက် ၁၀ နာရီ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ သည်။
ဦးစွာ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ် အေးမြမြဦးကအမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်စာအုပ်၊ စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများ စသည့်တို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က "လူငယ်နှင့်ဆိုရှယ်မီဒီယာ" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပေးခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်ဗီနိုင်း၊ ပိုစတာများ၊ သုတရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းနှင့် ၀န်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြမြဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)