မိုးကောင်းမြို့ အ.ထ.က(ခွဲ) ကျွန်းတောကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မိုးကောင်း အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အ.ထ.က(ခွဲ)ကျွန်းတောကျောင်း ကျွန်းရွှေဝါခန်းမ၌ အောက်တိုဘာ(၁၆)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က လူငယ်စကားဝိုင်းတွင် တက်ရောက်ဆွေးနွေးကြသော လူငယ်များအနေဖြင့် အသိပညာဗဟုသုတရရှိစေပြီး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိကာ အချင်းချင်းချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ကာ Grade-11မှ ထက်ထက်မြတ်နိုးက ''လူငယ်နှင့်ရည်မှန်းချက်'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မထွယ်ဆန်ပန်က ''လူငယ်နှင့်အနာဂတ်'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10 မှ မဆိုင်းလုအောင်က ''လူငယ်နှင့် စာဖတ်ခြင်း'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မလုလုဒင်မှ ''လူငယ်နှင့်ပညာရေး'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဝေယံလင်းထွန်းမှ ''လူငယ်နှင့်မူးယစ်ဆေး'' ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)