သာစည် အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျေးလက်နေအိမ်ထာင်စုများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း (RBF)စီမံကိန်း တတိယစက်ဝန်း လည်ပတ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဒေါ်မြသက်ဝင်းထံက သိရသည်။
အဆိုပါစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်ခဲ့ပြီး နိုင်ငံတော်ကထောက်ပံ့ပေးသော စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀၊ ငွေကျပ်တစ်ရာလျှင် အတိုးနှုန်း ၅၀ ပြားနှင့်ကျေးရွာအစုအဖွဲ့က ထည့်ဝင်ငွေကျပ်သိန်း ၁၀၀ စုစုပေါင်း ငွေကျပ်သိန်း ၄၀၀ ဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ စီမံကိန်းလုပ်ငန်းများမှာ ဆိတ်မွေးမြူရေးနှင့်နွားမွေးမြူရေးလုပ်ငန်းတို့ဖြစ်ပြီး ဆိတ်မွေးမြူရေး လုပ်ငန်း၌ အဖွဲ့တစ်ဖွဲ့လျင် အသင်းသား/သူ ၁၅ ဦးရှိပြီး ရန်ပုံငွေကျပ် ၇၅ သိန်းနှင့် အသင်းသား၊ အသင်းသူထည့်ဝင်ငွေကျပ် ၂၅ သိန်းဖြင့်အဖွဲ့နှစ်ဖွဲ့၊နွားမွေးမြူရေးလုပ်ငန်း၌ အဖွဲ့တစ်ဖွဲ့လျင် အသင်းသား၊ အသင်းသူ ၁၀ ဦးရှိပြီး ရန်ပုံငွေကျပ် ၇၅ သိန်းနှင့်အသင်းသား၊ အသင်းသူ ထည့်ဝင်ငွေကျပ် ၂၅ သိန်းဖြင့်အဖွဲ့နှစ်ဖွဲ့ စုစုပေါင်းအဖွဲ့လေးဖွဲ့ ဖြင့်ဆောင်ရွက်လျက်ရှိကာ ဆိတ်မွေးမြူရေးလုပ်ငန်းကို တစ်နှစ်လျှင်စက်ဝန်းတစ်ကြိမ် သတ်မှတ်ပြီး နွားမွေးမြူရေးလုပ်ငန်းကို သုံးနှစ်တစ်ကြိမ် စက်ဝန်းသတ်မှတ်၍ မွေးမြူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဆိတ်မွေးမြူရေး လုပ်ငန်းမှ အကျိုးအမြတ်အနေဖြင့် ပထမစက်ဝန်းတွင် ငွေကျပ် ၅၃၇၀၀၀၀ နှင့်ဒုတိယစက်ဝန်းတွင်ငွေကျပ် ၉၅၆၀၀၀၀ တို့ရရှိခဲ့ကြောင်းသိရသည်။ စီမံကိန်းကာလ သုံးနှစ်ပြည့်ချိန်တွင် ရရှိလာသည့် အကျိုးအမြတ်များကို အသင်းသား/သူများက ခံစားရမည်ဖြစ်ကြောင်းသိရပြီး မူလမတည်ငွေကို အခြားအသက်မွေးဝမ်းကြောင်းအဖွဲ့ (သို့မဟုတ်) အခြားကျေးရွာ (သို့မဟုတ်) အခြားမြို့နယ်သို့ ပြောင်းရွှေ့ဆောင်ရွက်ခြင်း၊ သက်တမ်းတိုးမြှင့်ခြင်းများ ဆောင်ရွက်နိုင်ကြောင်းနှင့် ရရှိသောအတိုးငွေအား နောက်စက်ဝန်းတွင် ထပ်ပေါင်းရင်းနှီးနိုင်ရန်ပြန်လည် ထုတ်ချေးပေးနိုင်သကဲ့သို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း အများသဘောတူညီမှုဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်