ဘီးလင်းမြို့အ.ထ.က(ခွဲ) (လိပ်ခုံးကြီး)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး  လူငယ်စကားဝိုင်းပြုလုပ်

ဘီးလင်း  အောက်တိုဘာ ၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို အောက်တိုဘာ ၁၇ ရက်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)(လိပ်ခုံးကြီး)ကျောင်း ပတ္တမြားဆောင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ--က(ခွဲ) (လိပ်ခုံး)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမိက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ပူးပေါင်းဆောက်ရွက်တတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက အစီအစဉ် တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး  Grade (11) ကျောင်းသူများဖြစ်ကြသော၊ မယွန်းဝတီကျော်၊ မနှင်းပပလှိုင်၊ မသီရိခင်၊ Grade (10)ကျောင်းသူ မဆုသက်ဝေနှင့် မသက်ဖူးအိမ်တို့က ”လူငယ်နှင့်ဘဝတန်ဖိုး”၊”လူငယ်နှင့် မူးယစ်ဆေးဝါး”၊ “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး“၊ “လူငယ်နှင့်ပရဟိတ”၊ “လူငယ်နှင့်ရည်မှန်း ချက်“ စသည့်ခေါင်းစဉ် တို့ဖြင့် ၎င်းတို့ဖတ်ရှု လေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် ‌ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်း ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ သုတ၊ ရသ၊ စာအုပ်များကို ပြသခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)