လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌ပေး ဟောပြောပွဲကျင်းပ

လယ်ဝေး အောက်တိုဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည်  လယ်ဝေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လယ်ဝေးမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက သော်မှော်ကုန်းကျေးရွာ၊ SMU ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို နိုင်ငံ၏ လူဦးရေဖွဲ့စည်းမှုပုံစံအရ အမျိုးသမီးများသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်သဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၏ အဓိကနယ်ပယ် (၁၂) ရပ်တွင်ပါဝင်သော အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်နယ်ပယ်ကို သဘာဝအရင်းအမြစ်များစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲလာမှုနှင့် လိုက်လျောညီထွေဖြစ်အောင် တုံ့ပြန်ဆောင်ရွက်မှုများတွင် အမျိုးသမီးများ ပါဝင်နိုင်စေရေး ဦးတည်ဆောင်ရွက်ချက်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့်လည်းကောင်း၊ ကျေးရွာနေ ပြည်သူလူထုများ အမှိုက်ပစ်သည့် စနစ်အလေ့အကျင့်ကောင်းများရရှိစေရေး ပညာပေးခြင်းအားဖြင့်လည်းကောင်း ကျင်းပခဲ့ခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး၊ ဒေါ်သန္တာလှိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားနှင့် စနစ်တကျအမှိုက်စွန့်ပစ်ရေးခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊  ဦးစီးအရာရှိ၊ ဒေါ်ဆွေဆွေသွယ်မှ အမျိုးသမီးများနှင့်ရေချိုသယံဇာတ ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် ဟောပြောခြင်းနှင့်လယ်ဝေးမြိုန့ယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒေါ်ဝေကြည်စန်းအောင်မှ စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး‌ ဟောပြောခဲ့သည်။ ထို့နောက် ကျေးရွာစိမ်းလန်းစိုပြေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ခေတ်မီ စံပြကျေးရွာများတွင် အမှိုက်ကင်းစင်ရေးတို့အတွက်ရည်ရွယ်၍ လူထုလှုပ်ရှားမှုအနေဖြင့်  သော်မှော်ကုန်းခေတ်မီစံပြကျေးရွာရှိ  ရွာလမ်းများနှင့် ဘောလုံးကွင်းအတွင်း စုပေါင်းအမှိုက် ကောက်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)