တပ်ကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း အောက်တိုဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက စတင်၍ သပြေချောင်းကျေးရွာ “ပန်းသပြေ” စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။

အဆိုပါလှုပ်ရှားမှုပြိုင်ပွဲများတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က အသိ ပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသားကလေးငယ်များ စာကြည့်တိုက်ကို အသုံးချတတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စာဖတ်ခြင်းဖြင့် အသိဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန်၊ ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန် ဟောပြာခဲ့ပြီးနောက် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၅၀ ဦးတို့က ပုံပြော၊ ကဗျာရွတ်၊ ဉာဏ်စမ်းပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် မကျီးပင်ကျေးရွာ“ရောင်ခြည်ဦး”စာကြည့်တိုက်တွင် အလားတူ အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပခဲ့ရာ မကျီးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်းနှင့် ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများနှင့်ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်ပစ္စည်းများကို အောက်တိုဘာ ၁၈ ရက်နေ့တွင် ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်