ချောင်းဆုံ အောက်တိုဘာ ၁၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီး (၂၅၉) ဦးတို့အား ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေဖြင့် (၂၂) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ချောင်းဆုံ(အထက)ကျောင်း သီရိ ရတနာခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားကို ဆရာ၊ ဆရာမများမှ “ဦးခိုက်လျက်ပါ မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးလှဋ္ဌေးက မြတ်ဆရာပူဇော်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပရဟိတလုပ်ငန်း ဆောင်ရွက်သူ (၁) ဦးတို့အား တာဝန်ရှိသူများမှ ဂုဏ်ပြုလွှာနှင့် ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ မြတ်ဆရာပူဇော်ပွဲတက်ရောက်လာသူများမှ ကန်တော့ချိုးဖြင့် ပူဇော် ကန်တော့ခြင်းနှင့် ဆရာကြီး၊ ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာကြီးတစ်ဦးမှ ဆုံးမဩဝါဒပေး၍ ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး တာဝန်ရှိသူများမှ အပူဇော်ခံဆရာကြီး ဆရာမကြီးများအား ဂါရဝလက်ဆောင်ပေးအပ်ခြင်း၊ ကံစမ်းမဲများ ဖွင့်ပေါက်ပေးခြင်းများ ပြုလုပ်ခြင်းနှင့် ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးပေးခဲ့ကြောင်း သိရသည်။
ကိုကျော်