ကျောက်တံတား အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ပန်းဘဲတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပေါင်း စပ်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ မဲစာရင်းမှန်ကန်မှုရှိစေရေးနှင့် မဲစာရင်းတွင် မပါဝင်သူများအား သတ်မှတ်ပုံစံများအတိုင်းလျှောက်ထားစေရေး၊ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှု မရှိစေရေးအတွက် မဲစာရင်းတွင်ပါဝင်သင့်သူများပါရှိစေရေး၊ မပါဝင်သင့်သူများ မဲစာရင်းတွင် ပါဝင်မှုမရှိစေရေးနှင့် မဲပေးခွင့်ရှိသည့် နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် စိတ်ကောင်း၊ စေတနာကောင်းထားရှိကာ ဆောင်ရွက်ရေးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးသိန်းလင်းအောင်က ဒေသဆိုင်ရာအချက်အလက်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ၊ အခြေခံမဲဆန္ဒရှင်စာရင်းများ အသိပေးကြေငြာထားမှု အခြေအနေများ၊ မဲရုံများလျာထား သတ်မှတ်ထားရှိမှု အခြေအနေများ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများအားလုံး ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ မဲစာရင်းများတွင် ပါဝင်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း နေ့စဉ်ကြေညာ ဆောင်ရွက်နေရှိမှုအခြေအနေများ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် Spot Check ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ငုဝါစိုးနှင့်အစည်းအဝေးတက်ရောက်လာကြသူများက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြသည်။
အဆိုပါအခမ်းအနားသို့ ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင်ဦးစံကျော်၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးတင်မျိုးအောင်၊ ပန်းဘဲတန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖမျတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)