မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်‌မြောက် နှစ်ပတ်လည်‌နေ့အထိမ်းအမှတ် ကျောင်းအကျိုးပြုစုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် အောက်တိုဘာ ၁၉

 ၂၀၂၅ ခုနစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်‌မြောက် နှစ်ပတ်လည်‌နေ့အထိမ်းအမှတ် ကျောင်းအကျိုးပြုစုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စာသင်ကျောင်းဝင်းအတွင်း မွန်‌ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများမှ ကျောင်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဥပဓိရုပ် ကောင်းမွန်ပြီး စာသင်ကျောင်းများ သန့်ရှင်းသာယာလှပမှုရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်မှာကြား၍ စာသင်ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြေသော စာသင်ကျောင်းဖော်ဆောင်နိုင်ရေး တာဝန်ရှိများနှင့်တွေ့ဆုံရ၍ စာသင်ကျောင်းအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်၊ မော်လမြိုင်ငန်းတေးဂေါက်ကလပ် Y Golf Range ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ငန်းတေးဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က Y Golf Range, Open Ceremon အထိမ်းအမှတ် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ငန်းတေးဂေါက်ကလပ် အမှုဆောင်အဖွဲ့ဝင်များနှင့် Myanmar YAO Mandalay Group ကုမ္ပဏီတာဝန်ရှိသူများက မော်လမြိုင်ငန်းတေးဂေါက်ကလပ် Y Golf Range အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က Y Golf Range အတွင်း smoke ball ဖြင့် ဂေါက်သီးရိုက် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက flash ball ရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

မွန်ပြည်နယ် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များအတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း (ပြည်နယ်အဆင့်) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်ကျောင်း ဦးသာညှင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊   ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြား/သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေသော ဆရာ/ဆရာမများ အရည်အသွေး မြှင့်တင်စေရေးအတွက် သင်ထောက်ကူ လက်တွေ့အသုံးချ သင်ကြားနိုင် စေရန် ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ဖြင့် အခြေခံပညာဦးစီးဌာနနှင့်အဆင့်မြင့်ပညာဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းကာ သင်တန်းဖွင့်လှစ် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ စွမ်းရည်များ၊ အရည်အသွေးများမြှင့်တင်စေရန်နှင့် အထက်တန်းဆင့် သိပ္ပံဘာသာရပ်များ သင်ယူနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လည်း သိပ္ပံလက်တွေ့သင်ခန်းစာများကို ကိုယ်တိုင်လက်တွေ့ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ယခု စွမ်းရည်မြှင့် သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုတိုးတက်မြင့်မားရန်အတွက် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများ၊ စဉ်ဆက်မပြတ် ဆရာအတတ် ဖွံ့ဖြိုးတိုးတက်မှုများ စသည်တို့ကို ကျွမ်းကျင်ပိုင်နိုင်နေရမှာဖြစ်ကြောင်းနှင့်  သင်တန်းမှပို့ချဆွေးနွေးမှုများကို လက်ဆင့်ကမ်းဖြန့်ဝေသင်ကြားပေးနိုင်ရေး အားသွန်ခွန်စိုက် နာယူမှတ်သားကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထိုနောက် မော်လမြိုင်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်က အခြေခံပညာအထက်တန်းအဆင့်တွင် သိပ္ပံဘာသာရပ်များအတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ၍ စာတွေ့၊လက်တွေ့သင်ကြားပို့ချပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေအားလည်းကောင်း၊ မွန်ပြည်နယ်ပညာရေးမှူးက သင်တန်းရေးရာ ကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ဆရာ၊ ဆရာမ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများဖြင့် စာသင်ခန်းများတွင်လက်တွေ့သရုပ်ပြ သင်ကြားပြသနေမှုကိုလိုက်လံလှည်လည် ကြည့်ရှုအားပေးကာ ကျောင်းမုန့်ဆိုင်စျေးတန်းတွင် စားသောက်ဖွယ်ရာများ ရောင်းချနေမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဓာတုဗေဒဘာသာ၊ရူပဗေဒဘာသာ၊ ဇီဝဗေဒဘာသာရပ်သင်ဆရာ/ ဆရာမသင်တန်းသားစုစုပေါင်း (၇၉၁) ဦးအား ဓာတုဗေဒဘာသာရပ်အတွက် လက်တွေ့ခန်း (၈)ခန်း၊ ရူပဗေဒဘာသာရပ်အတွက် လက်တွေ့ခန်း(၈) ခန်း၊ ဇီဝဗေဒဘာသာရပ်အတွက် လက်တွေ့ခန်း (၆)ခန်းဖြင့် သင်တန်းနည်းပြများမှ (၁)ခန်းလျှင် (၂)ဦးနှုန်းဖြင့်(၂)ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)