မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မန္တလေးဇုန်(ဇုန်-၁) အားကစားပြိုင်ပွဲဘောလုံး(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

မန္တလေး အောက်တိုဘာ ၁၉

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မန္တလေးဇုန်(ဇုန်-၁) အားကစားပြိုင်ပွဲ ဘောလုံး (အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစား ကွင်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ အထက်မြန်မာပြည်ရှိ ပညာရေးဒီဂရီကောလိပ်(၉)ခုမှကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူအားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး မကွေးပညာရေး ဒီဂရီကောလိပ်အသင်းနှင့် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးရာ မကွေးပညာရေး ဒီဂရီကောလိပ်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

၄င်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပညာရေးဒီဂရီကောလိပ် ပေါင်းစုံမန္တလေးဇုန်(ဇုန်-၁)အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အားကစားအသင်းများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့သည့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဘောလုံးပြိုင်ပွဲတွင် ဒိုင်အဖြစ်ဆောင်ရွက်ပေးခဲ့သည့် တိုင်းဒေသကြီးဘောလုံးဒိုင်ဆပ်ကော်မတီတို့အား မန္တလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် ဂိုးသမား အကောင်းဆုံးဆုရအားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆု၊ တတိယဆုနှင့် ဒုတိယဆုရရှိသည့် အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပထမဆုရရှိသည့် မကွေးပညာရေး ဒီဂရီကောလိပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကိုလည်းကောင်း ချီးမြှင့်ပေးခဲ့သည်။

၄င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပထမဆုရရှိသည့် မကွေးပညာရေးဒီဂရီကောလိပ်အသင်းအားတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကို ချီးမြှင့်ခဲ့ပြီး ဆုရအသင်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း