ဗိုလ်တထောင် အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့်အဖွဲ့ဝင်များသည် မဲစာရင်းမှန်ကန်ရေးနှင့်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ဗိုလ်တထောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌရုံးခန်းတွင် ယမန်နေ့ညနေ ၃ နာရီအချိန်က တွေ့ဆုံကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က မိတ်ဆက်စကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မဲစာရင်းမှန်ကန်စေရေး မဲပေးစက်ဖြင့်မဲပေးခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့်ဆွေးနွေးပြောကြားပြီး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အချိန်မီပြီးစီးရေး လိုအပ်ချက်များရှိပါက အကူအညီပေးရန် အဓိကလာရောက်ရခြင်းဖြစ်ကြောင်း လိုအပ်သည်များရှိက တင်ပြပေးကြရန် စသဖြင့် လမ်းညွှန်ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့်လိုအပ်ချက်များ တင်ပြကြရာ ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)