နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာလ ၁၇ ရက်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ် ရာဇသိင်္ဂဟလမ်းမကြီးသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းပိုင်းများ အပိုင်းလိုက် သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာလ ၁၇ ရက် ညပိုင်းတွင် ‌နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့‌သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၈ ရက်နေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ ကံဦးကျေးရွာ စိုက်ပျိုးစီးပွားအသိပညာ‌ပေးစင်တာ၌ ကျင်းပသည့် အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး တောင်သူပညာပေးသင်တန်းသို့ သွားရောက်၍ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက်  တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သဘာဝမြေဩဇာများပေးအပ်ခဲ့ကာ မိုးစပါးစိုက်ပျိုးဖြစ်ထွန်းနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းမှ တစ်ပိုင်တစ်နိုင်လုပ်ငန်းထူထောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ‌တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် လုပ်ငန်းရှင် ၁ ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်ထားသည့် လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ခင်းကျင်းပြသထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရန်အောင်မြင်ရေလှောင်တမံနှင့် ချောင်းမကြီး ရေလှောင်တမံများသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မတမံနှင့် ကုန်းကြောတမံများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရာသီဥတုကောင်းမွန်ချိန်တွင် လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး၊  ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်သို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ယာများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအားတိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်အချိန်အတွင်း ပြီးစီးစေရန်နှင့် အရည်အသွေးစံချိန်စံညွှန်းများ ကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်အတွင်း အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ဝန်ထမ်းအိမ်ယာဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ဇေယျာမြေ)